Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

မြန်မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ကုလအထွေထွေ ညီလာခံ တက်ရောက်ခွင့် ကန့်ကွက်မည်

03 September 2008
ညိုညိုလွင် - အစီအစဉ်ကိုရယူရန် (WM) video clip
ညိုညိုလွင် - ကြည့်ရှုရန် (WM) video clip

လူ့အခွင့်အရေး ကျူးလွန်ဖေါက်ဖျက်မှုတွေအတွက် နှစ်စဉ်နှစ်တိုင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံအဆက်ဆက် မှာ ဝေဖန်ရှုတ်ချတာ ခံနေရတဲ့ မြန်မာစစ်အစိုးဟာ မကြာခင်ကျင်းပမဲ့ အထွေ ထွေ ညီလာခံကြီးမှာ နောက်ထပ် ဆင့်ခေါ်ကန့်ကွက်မှု တရပ်နဲ့ ရင်ဆိုင်ရဘို့ ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ အစိုးရတစ်ရပ်ရဲ့ အရည်အချင်းမရှိဘူး၊ တိုင်းပြည်ကို ကိုယ်စားမပြုဘူးဆိုပြီး လာမဲ့ ကုလသမဂ္ဂ အထွေထွ ညီလာခံကြီးကို တက်ရောက်ခွင့် မပြုရေးကန့်ကွက်ဘို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက လုပ်ဆောင်နေကြပါပြီ။

"န၀တအနေ နဲ့ မြန်မာပြည်ကို ကိုယ်စားမပြုတဲ့ အကြောင်းကို အထောက်အထား၊ အချက်အလက်တွေ နဲ့ တင်ပြဘို့ ကြိုးစားနေပါတယ်။ ဥပဒေကြောင်းအရ အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်ပညာရှင်တွေ နဲ့ စာတမ်းပြုစု ထားပါတယ်။ ဒီစာတမ်းကို စက်တင်ဘာ ၉ ရက် မတိုင်ခင် တင်သွင်းမှာ ဖြစ်ပါတယ်။ ပြည်သူ့အင်အား နဲ့ တမျိုး၊ သံတမန်အင်အား နဲ့ တမျိုး၊ နိုင်ငံရေးနည်း နဲ့ တမျိုး ဆက်လျှက်ပြီးတော့ ကျနော်တို့ ကုလသမဂ္ဂမှာ တောင်းဆိုသွားမှာ ဖြစ်ပါတယ်ခင်ဗျ" လို့ ဦးမောင်မောင် က ပြောဆိုသွားပါတယ်။

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကတော့ သြဂုတ်လ ၄ ရက်နေ့ကစလို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့ မှာ ရုံးပိတ်ရက်ကလွဲပြီး နေ့တိုင်း ဆန္ဒပြနေကြပါတယ်။ PILPG ခေါ် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားဥပဒေ နဲ့ မူဝါဒများအဖွဲ့ ဟာ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ပြီးတော့ ၂၀၀၅ ခု ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် လျာထားခံရပါတယ်။ မီဂန်စတီးဝပ် (Meghan Stewart) ဟာ ဒီအဖွဲ့က ထိပ်တန်းရှေ့နေ တယောက်ပါ။

"စိန်ခေါ် ကန့်ကွက်နိုင်တဲ့ သာဓကတွေ ရှိပါတယ်၊ ဟေတီ (Haiti) နိုင်ငံတုံးက ညီလာခံ ကို စင်ပြိုင်တက်လာတဲ့ ဒီမိုကရေစီ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တရားမ၀င်ဘူးဆိုပြီး စစ်အာဏာသိမ်းအဖွဲ့က ကန့်ကွက်ပါတယ်။ ဒီအဆိုကို ကုလသမဂ္ဂက ပယ်ချလိုက်ပါတယ်။ ကမ္ဘောဒီးယား (Cambodia) ကိစ္စမှာလည်း အာဏာသိမ်း စစ်အစိုးရက လူထုရွေးကောက်တဲ့ ဒီမိုကရေစီအစိုးရကို ညီလာခံက ဖယ်ရှားဘို့ လုပ်ရာမှာ စီစစ်ရေး ကော်မတီက နှစ်ဖွဲ့လုံးကို ဆိုင်းငံ့ထားလိုက်တဲ့ သာဓကတွေ ရှိပါတယ်။ ဆီယာရာလီယွန် (Sierra Leone) ကိစ္စမှာလည်း အာဏာသိမ်း စစ်အစိုးရ နဲ့ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဒီမိုကရေစီအစိုးရရဲ့ ကန့်ကွက်မှုကို ညီလာခံက လက်ခံခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်" လို့ မီဂန်စတီဝပ် က ပြောဆိုသွားပါတယ်။

ဒီမိုကရေစီနည်း နဲ့ ရွေးကောက်ခံထားရတဲ့ အဝေးရောက်အစိုးရတွေဟာ လူထုအပေါ် ဖိနှိပ်တဲ့ အာဏာသိမ်း အစိုးရတွေကို ကုလသမဂ္ဂညီလာခံမှာ တရားမ၀င်ဘူးဆိုပြီး ကန်ကွက်လေ့ ရှိတတ်ပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို ညီလာခံမစခင် တပတ်အလိုမှာ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ကိုယ်စားလှယ်အဖြစ် လျှောက်ထားတဲ့အခါ တကယ်ကိုယ်စားပြု၊ မပြု ကန့်ကွက်ကြတာပါ။ ကုလသမဂ္ဂ အဖွဲ့ဝင် ကိုးနိုင်ငံကော်မတီက ဒီလို ကန့်ကွက်စိန်ခေါ်ချက်ကို စစ်ဆေးပါတယ်။ အဲဒီနောက် ညီလာခံကို တက်ရောက်လာတဲ့ ၁၉၂ နိုင်ငံက မဲတမဲစီ နဲ့ ဗီတိုအာဏာမပါပဲ ဆုံးဖြတ်ကြပါတယ်။ အမေရိကန်တက္ကသိုလ်က ပါမောက္ခ ပေါလ် ၀ီလျံမ်စ် (Paul Williams) ဟာ အမေရိကန် အစိုးရ ရှေ့ နေကြီးအဖြစ် တာဝန်ယူခဲ့သူပါ။

"မြန်မာပြည်လိုပါဘဲ အာဖဂန်နစ္စတန် (Afghanistan) က တာလီဘန် (Taliban) အဖွဲ့ ကိုယ်စား ပြုမပြု စိန်ခေါ်ခံရတဲ့အခါ ညီလာခံတက်ရောက်ခွင့် ငြင်းပယ်ခြင်း ခံရပြီးတော့ အရင်အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နေရာပေးလိုက်တဲ့ ရလာဒ် ရှိပါတယ်။ ဆီယာရာလီယွန် ကိစ္စမှာလည်း ဒီမိုကရေစီအရ ရွေးကောက်ခံရတဲ့ အစိုးရက စစ်ကိုယ်စားလှယ်အဖွဲ့ကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားဆိုရင် လူထုဆန္ဒအရ ရွေးကောက်ထားတဲ့ အဖွဲ့ကနေ စစ်အစိုးရကို သုံးကြိမ်တောင် စိန်ခေါ်ဖယ်ရှား နိုင်ခဲ့ပါတယ်။ အရေးကြီးတဲ့ သာဓက တခုကတော့ ကုလသမဂ္ဂကကို လက်မခံတဲ့ အသားအရောင် ခွဲခြားတဲ့ တောင်အာဖရိက လူဖြူအစိုးရပါ။ လူထုကို ကိုယ်စားမပြုတဲ့အတွက် ကုလသမဂ္ဂ က ငြင်းပယ်လိုက်ပါတယ်" လို့ ပါမောက္ခ ပေါလ်ဝီလျံမ်စ် ပြောဆိုပါတယ်။

စိန်ခေါ်ကန့်ကွက်ချက်ကို စစ်ဆေးတဲ့နည်း နှစ်ခုကတော့ ကိုယ်စားလှယ် စေလွှတ်တဲ့ အစိုးရဟာ ပြည်သူကို ကိုယ်စားပြုပြီး ဒီမိုကရေစီအရ လွတ်လပ်မျှတစွာ တင်မြှောက်တဲ့ တရားဝင် အစိုးရ ဟုတ်မဟုတ်ဆိုတဲ့ အချက်အပြင် ဒီအစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်တွေနဲ့ ကိုက်ညီမှုရှိမရှိ ဆိုတာတွေ ဖြစ်ပါတယ်။ ပါမောက္ခ ဂျက်ဖရီ ဘေ့တ်စ် ဟာ အမေရိကန် ပြည်ထောင်စု ရှေ့ နေများအသင်း ရဲ့  အတော်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရပြီး ဆားဗီးယား (Serbia) သမ္မတ စလိုဘိုဒန် မီလိုရှီဗစ် (Slobodan Milosevi) ကို နိုင်ငံတကာခုံရုံးမှာ စစ်ရာဇ၀တ်ကောင် အဖြစ် တရားစွဲဆို ဆောင်ရွက်ခဲ့သူပါ။

"မြန်မာပြည်ကိစ္စက သာမန်မဟုတ်တော့ပါဘူး။ ကမ်းကုန်နေပါပြီ။ စစ်အစိုးရဟာ ရွေးကောက်ခံထားရသူတွေကို အာဏာမပေးတာ ၁၈ နှစ်ရှိပါပြီ။ လူတွေကို ထောင်ချ ညှဉ်းပမ်းတယ်၊ အဓမ္မအလုပ်ခိုင်းတယ်၊ အဆိုးဆုံးကတော့ အတုအယောင် ဆန္ဒခံယူပွဲကနေ တရားဝင်အစိုးရပုံစံမျိုး လုပ်နေတာပါပဲ။ ကုလသမဂ္ဂ၊ အာဆီယံ နဲ့ နိုင်ငံတကာကနေ လွတ်လပ်မျှတတဲ့ ဆန္ဒခံယူပွဲဖြစ်အောင် တောင်းဆိုတာကို ငြင်းပါတယ်။ နာဂစ်မုန်တိုင်းကြောင့် လူသိန်းနဲ့ချီသေ၊ သန်းချီဒုက္ခရောက်နေလို့ ရက်ရွှေ့ပေးပါဆိုတာလဲ ရက်ပိုင်းအတွင်း ဆန္ဒခံယူပြီး ၉၃ ရာခိုင်နှုံးရတယ် ပြောတယ်။ ဘယ်လိုအဖြစ်ပါလဲဗျာ။ ၉၀ ခုနှစ်က ရွေးကောက်တင်မြှောက်ခံရသူတွေ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ နေရာယူရမှာပါ။ ဒါကိုကန့်ကွက်သူတွေ အဖို့ အင်မတန်ရှက်စရာပါ" လို့ ပါမောက္ခ ဂျက်ဖရီဘေ့တ်စ် (Jeffery Bates) ပြောဆိုပါတယ်။

ပီနန်ဆရာတော်ကြီး ဦးဆောင်တဲ့ သာသနာ့ဥသျှောင် အပြည်အပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီတို့က စစ်အစိုးရကို ကုလသမဂ္ဂမှာ စိန်ခေါ်ဘို့ ဆော်သြခဲ့တာပါ။ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဂျပန်နိုင်ငံ မြန်မာ့ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက် နယ်မြေ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ထောက်ခံခဲ့သလို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရကလည်း ကန့်ကွက်ဘို့ မရှိကြောင်း ထုတ်ပြန်ပါတယ်။

"စစ်အစိုးရက ဦးဇင်းတို့ ပြည်သူလူထုအပေါ်မှာ ဘာမှ တာဝန်ကျေခဲ့တာ မရှိဘူး။ ပြည်သူလူထု အကျိုးအတွက် ဘာမှလုပ်ခဲ့တာမရှိဘူး။ ဒါကြောင့်မို့လို့ ဦးဇင်းတို့က ဒီကနေ့ ဒီ အာဏာရှင် အစိုးရကို၊ အာဏာရှင်တွေကို ဦးဇင်းတို့ နိုင်ငံမှာဆက်ပြီး မရှိစေချင်တဲ့အတွက်ကြောင့် ဒီယူအင်န်ကနေပြီးတော့ အာဏာရှင်တွေကို တရားစွဲမယ်၊ နောက် ယူအင်န်မှာလည်း ဒီအာဏာရှင်တွေကို အသိအမှတ် မပြုဘို့ ဦးဇင်းတို့ သံဃာတော်တွေအနေနဲ့ လာပြီးတောင်းဆိုတာပါ" ဦးဃောသိတ မိန့်ဆိုထားပါတယ်။

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ရဲ့ စိန်ခေါ်မယ်ဆိုတာကို စစ်အစိုးရသတင်းစာတွေမှာ ရှုတ်ချရေးသားတာတွေ ရှိပါတယ်။ စိန်ခေါ်မှုရဲ့ ရလာဒ်ကတော့ ညီလာခံ စတင်ချိန်ကျမှပဲ သိရမှာပါ။ မြန်မာနိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာကတည်းက အထွေထွေ ညီလာခံမှာ ဒီလိုစိန်ခေါ် ကန့်ကွက် ခံရတာမျိုး တခါမှ မရှိခဲ့ပါဘူး။ စက်တင်ဘာလမှာ ကျင်းပမဲ့ ၆၃ ကြိမ်မြောက် ညီလာခံ ကြီးမှာ မြန်မာနိုင်ငံဟာ ဒုတိယဥက္ကဌ တာဝန်ယူဘို့ ရှိနေပါတယ်။
 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available