Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသတင်း စစ်အစိုးရငြင်းဆို

07 September 2008
ဦးအောင်လွင်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးအောင်လွင်ဦး - နားဆင်ရန် (MP3) audio clip

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတာ မဟုတ်ပါဘူးလို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ငြင်းဆန်လိုက်ပါတယ်။ ပြီးခဲ့တဲ့လက စလို့ ပုံမှန်ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေခဲ့တာမို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ကတော့ ဒီလိုပြောဆိုလိုက်လို့ စိတ်သက်သာရာတော့ မရခဲ့ပါဘူး။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
 
ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်တဲ့အကြောင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ပြောဆိုလိုက်တာပါ။ နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာစစ်အစိုးရရဲ့ ရဲချုပ် ခင်ရီ က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစာငတ်ခံနေတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရတဲ့အကြောင်း၊ သူတို့အနေနဲ့ ဒါနဲ့ ပတ်သက်လို့ ဘာသတင်းစကားမှလည်း မကြားရတဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ တရားဝင် ကြေငြာချက်တစောင် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်မိတဲ့အကြောင်း၊ သူမအနေနဲ့ တစုံတရာ ဖြစ်တယ်ဆိုရင် ထိန်းသိမ်းထားသူ အာဏာပိုင်တွေရဲ့ တာဝန်သာ ဖြစ်လိမ့်မယ်လို့ ပြောဆိုထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အနေနဲ့ကတော့ ဒီလို မရေမရာ ပြောဆိုမှုကြောင့် ပိုလို့သာ စိုးရိမ်မှုတွေဖြစ်ရတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောဆို လိုက်ပါတယ်။

“ကျွန်တော် သတင်းစာ ရှင်းလင်းပွဲက စကားလုံးတွေကိုတောင် မမြင်ရဘူး။ အခု ပြောတဲ့ စကားလုံးက အစာငတ်ခံ ဆန္ဒပြနေတဲ့ အရိပ် လက္ခဏာ မတွေ့ရဘူး။ ဒါနဲ့ ပတ်သက်ပြီး သူတို့ တိတိကျကျ ဖြေကြားထားတာ မဟုတ်ဘူး။ စကားလုံး အသုံးအနှုန်းအရ သူတို့က မဟုတ်ဘူးလို့ ဒီလို ငြင်းတာမျိုး မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ဘာဖြစ်နေလဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် အနေနဲ့ ဆက်သွယ်မှု မရှိတဲ့အတွက် ပိုပြီးတော့ စိုးရိမ်တယ်။ အခု ဖြေတော့လည်း မဟုတ်ပါဘူးလို့ ဒီလို ဖြေတာမျိုး မဟုတ်ဘဲနဲ့ အရိပ်လက္ခဏာ မရှိပါဘူးဆိုတော့ ဒီစကားလုံးတွေက တိုက်ရိုက် ငြင်းနေတာမဟုတ်ဘူး။ မဟုတ်ဘူးလို့ ပြောတာတဲ့ စကားလုံး မဟုတ်ဘူး။”

တကယ်တော့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘဲ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြင်ပကနေ နောက်ဆုံး သွားရောက် တွေ့ဆုံခွင့် ရခဲ့တာကတော့ သူမရဲ့ ဥပဒေ အကျိုးဆောင် ဦးကြည်ဝင်း ပဲ ဖြစ်ပါတယ်။ ဒီလို အစာငတ်ခံနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စိုးရိမ်ပူပမ်မှုတွေ ရှိနေတဲ့အတွက် ရှေ့နေဖြစ်သူက မေးမြန်းခဲ့ပေမယ့် တိုက်ရိုက်ဖြေကြားခဲ့တာတော့ မရှိခဲ့ဘူးလို့ ဦးကြည်ဝင်း က ပြောပါတယ်။

“ကျွန်တော် ခြံထဲရောက်သွားပြီးတော့ ဒေါ်စုကို တွေ့တယ်။ ကျွန်တော်က အထူးတင်ပြတာက ဒေါ်စု အခု အစားငတ်ခံ နေတယ် ဆိုပြီးတော့ သတင်းက ဖြစ်ပေါ်နေတယ်လို့။ အဲဒီသတင်း ဖြစ်မှုအပေါ်မှာ  ကျွန်တော်တို့ ပြည်သူတွေလည်း တော်တော်များများဟာ စိတ်ပူပင် သောကရောက်နေကြတယ်။ ဒီတော့ကာ ကျွန်တော်အပြင်ကို ထွက်သွားတဲ့အခါမှာ ပထမဦးဆုံး မေးခံရမယ့် မေးခွန်းက သူအစာငတ်ခံနေပါသလား။ ဘယ်လို တွေ့ခဲ့သလဲလို့ မေးကြလိမ့်မယ်။ အဲဒါဆိုရင် ကျွန်တော် ဘယ်လို ဖြေရမလဲလို့ သူ့ကို မေးလိုက်တယ်။ မေးလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲဆိုတော့ အန်ကယ်တဲ့ ဒီလိုပြောပါတဲ့။ I AM WELL.အင်္ဂလိပ်လို ပြောတယ်။ I AM WELL BUT I HAVE LOST A LITTLE WEIGHT. လို့ ပြန်ပါတဲ့။ ဒါပဲဗျာ။ ကျွန်တော်လည်း ဒီထက် တိုးပြီးတော့ ဒီမေးခွန်းပေါ်မှာ ဖြေလို့ မရဘူး။”

အစာငတ်ခံနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က သူမ နေထိုင်ကောင်းတယ်၊ ဒါပေမယ့် ကိုယ်အလေးချိန် အနည်းငယ် လျော့နေတယ် ဆိုတဲ့ အကြောင်းသာ ပြောခဲ့တယ်လို့ ပြောခဲ့တဲ့အကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်း ပြောသွားခဲ့တာပါ။

နေအိမ် အကျယ်ချုပ် သက်တမ်းစေ့သွားပေမယ့် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားတာ၊ နောက် သူနဲ့အတူ အဖော်အဖြစ် နေထိုင်သူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ လျှောက်လဲဖို့အရေး တောင်းဆိုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစားအသောက် ပို့ဆောင်တာကို လက်မခံပဲ နေခဲ့တာ ပြီးခဲ့တဲ့ လကတည်းကပဲ ဖြစ်ပါတယ်။ လတ်တလော ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံနေတယ်ဆိုတာနဲ့ ပတ်သက်လို့ အတိအကျ ပြောနိုင်တဲ့ အခြေအနေမျိုး မရှိပေမယ့်၊ အရင့်အရင်တုန်းကလည်း ထိန်းသိမ်းခံနေရစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒီလို ဆန္ဒပြဘူးတဲ့ သတင်းတွေလည်း ထွက်ခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းက အခုလို ထိန်းသိမ်းခံနေရစဉ် နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ တောင်းဆိုတဲ့ အနေနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့ဘူးပြီးတော့၊ နောက်ပိုင်းမှာ အာဏာပိုင်တွေဖက်က အာမခံချက်တွေ ရခဲ့တဲ့အတွက် ဆန္ဒပြနေတာကို ရပ်ဆိုင်းခဲ့တဲ့အကြောင်း ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်လ် အဲရစ် သွားရောက် တွေ့ဆုံခွင့်ရခဲ့အပြီး ပြောဆိုတာလည်း ရှိခဲ့ဘူးပါတယ်။ ဒီလို အခြေအနေတွေကြားကပဲ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ခံနေရစဉ်ကာလ တလျှောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်နေသူ အသက် (၄၅) နှစ် အရွယ်ရှိ မ၀င်းမမ ဟာဆိုရင်လည်း ကျန်းမာရေး ပြဿနာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေရတယ်လို့ အန်အယ်လ်ဒီ ပါတီက ပြောပါတယ် ခင်ဗျာ။

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available